နွေရာသီမှာ ချွေးထွက်များသူတွေ ဘာတွေ စားပေးသင့်လဲ
ခန္ဓာကိုယ်ကရေဓာတ် ၇၀ % ကျော်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲကနေ ခန္ဓာကိုယ်အတွက် လိုအပ်မယ့် ရေဓာတ် ၂၀% ခန့်ကို ရရှိပါတယ်။ နွေရာသီမှာ ချွေးထွက်များတတ်တယ်ဆိုရင်တော့ ရေဓာတ် ပြည့်ဝအောင် အဓိက စားပေးသင့်တာလေးတွေရှိပါတယ်။ ဒီတော့ နွေရာသီမှာ ချွေးထွက်များသူတွေအတွက် စားပေးသင့်တာလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။
နွေရာသီမှာ ချွေးထွက်များတတ်သူတွေအနေနဲ့ သောက်ရေကို လုံလောက်အောင် သောက်ဖို့ လိုသလို ရေဓာတ်ကြွယ်ဝတဲ့ အခုလို အသီးအနှံလေးတွေကို စားပေးဖို့လည်း လိုပါမယ်။ အထူးသဖြင့် ရေဓာတ် ၈၀ ရာခိုင်နှုန်းကျော်ပါဝင်နေတာကို ရွေးချယ်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။
သခွာသီး - တို့ပဲစားစား၊ သုပ်ပဲစားစား စားလို့ရတဲ့ သခွားသီးက ရေဓာတ်အတော်လေး ကြွယ်ဝပါတယ်။ နေ့စဉ် စားသုံးမှုမှာ သခွားသီးလေးပါအောင် စားပေးလို့ ရပါတယ်။ လေအောင့်တတ်တယ်ဆိုရင်တော့ မစားပါနဲ့။
ဆလတ်ရွက် - အမျှင်ဓာတ် ကြွယ်ဝသလို ဖောလိတ် နဲ့ ဗီတာမင် ကေ ပါဝင်နေတာကလည်း နွေရာသီမှာ လိုအပ်တဲ့ ရေဓာတ် နဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုပါ ဖြည့်တင်းပေးနိုင်မှာပါ။
တရုတ်နံနံ - တရုတ်နံနံက ရေဓာတ်ကြွယ်ဝသလို အမျှင်ဓာတ်ပါဝင်မှုကလည်း မနည်းပါဘူး။ ရေဆာပြေစေသလို နွေပူနေချိန်မှာ ကိုယ်တွင်းရေဓာတ် ပြည့်ဝစေဖို့လည်း ထောက်ကူပေးပါတယ်။
မုန်လာဥဖြူ - ရေဓာတ်နဲ့ ဗီတာမင် စီ နဲ့ အမျှင်ဓာတ်တို့ ပါဝင်နေသလို ကယ်လ်လိုရီ ပါဝင်မှုလည်း နည်းပါတယ်။ အစိမ်းအတိုင်း သုပ်စားလို့ ရသလို ဟင်းချက်စားလို့လည်း ရပါတယ်။
ခရမ်းချဉ်သီး - ခရမ်းချဉ်သီးက ရေဓာတ် ကြွယ်ဝသလို အပူကြောင့် ဆဲလ်တွေပျက်စီးတာမျိုးကိုလည်း ကာကွယ်ပေးပါတယ်။
ဇူချီနီ - သခွားသီး တစ်မျိုးပါပဲ။ မြန်မာမျိုးရင်းတော့ မဟုတ်ဘူးပေါ့။ ဒီအသီးလေးက အစိမ်းလိုက် တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။ ရေဓာတ် ၉၀ ရာခိုင်နှုန်းကျော် ပါဝင်နေပါတယ်။
ကညွတ် - ကြော်စားစား ပြုတ်စားစား အရသာရှိတဲ့ ကညွတ်လေးကလည်း နွေရာသီမှာ ချွေးထွက်များတဲ့ သူလေးတွေစားပေးလို့ ရပါတယ်။
ငရုတ်ပွ - ရေဓာတ် ၉၀% ကျော်ပါဝင်နေတဲ့ ငရုတ်ပွတွေကလည်း ရေဓာတ် ထိထိရောက်ရောက် ဖြည့်ပေးနိုင်ပြီး ကိုယ်တွင်းမှာ အပူချိန်တက်နေတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဂေါ်ဖီထုတ် - ဂေါ်ဖီထုတ် အပါအဝင် ပန်းဂေါ်ဖီ၊ မုန်းညှင်းထုတ်၊ ပန်းဂေါ်ဖီစိမ်းတွေကလည်း ရေဓာတ်ပြည့်ဝစေနိုင်ပြီး ချွေးထွက်များသူတွေအတွက် အတော်လေး သင့်တော်ပါတယ်။
ဟင်းနုနွယ် - ဟင်းနုနွယ်က ရေဓာတ်များပြီး ချွေးထွက်များသူတွေအတွက် အထူသင့်တော်ပါတယ်။ သံဓာတ်လည်း အားဖြည့်ပေးနိုင်မှာပါ။
စတော်ဘယ်ရီ - ချိုချိုချဉ်ချဉ်အရသာရှိတဲ့ စတော်ဘယ်ရီသီးက နွေရာသီမှာ စားပေးသင့်တဲ့ အသီးလေး တစ်မျိုးပါ။ ကယ်လ်လိုရီပါဝင်မှု နည်းပြီး ရေဓာတ် ပါဝင်မှု များတာက ချွေးထွက်များတာကို သက်သာစေမှာပါ။
ဖရဲသီး - ရေဓာတ်ဖြည့်ပေးတယ်လို့ လူသိများပြီးသား ဖရဲသီးက နွေရာသီမှာ ချွေးထွက်များသူတွေအတွက် အထူးသင့်တော်ပါတယ်။
ချွေးထွက်များသူတွေအနေနဲ့ တစ်နေ့တာ စားသုံးမှုမှာ အခုပြောခဲ့တာလေးတွေကို ပါဝင်အောင် စားသုံးပေးလို့ ရပါတယ်။
မွန်မွန်